Category 3

.
Home » , » နိုင်ငံခြားသားများအား ဈေးလိမ်ရောင်းသည့် တာချီလိတ်မြို့မှ ဈေးသည်အား ထိုင်းနိုင်ငံမှ ဗီဒီယိုရိုက်၍ အွန်လိုင်းတွင် ဖော်ပြထား

နိုင်ငံခြားသားများအား ဈေးလိမ်ရောင်းသည့် တာချီလိတ်မြို့မှ ဈေးသည်အား ထိုင်းနိုင်ငံမှ ဗီဒီယိုရိုက်၍ အွန်လိုင်းတွင် ဖော်ပြထား

Written By Tachileik News Agency on Sunday 8 June 2014 | 04:51


ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့လေးဖြစ်သည့် တာချီလိတ်မြို့သည် နယ်စပ်ကူး တံတားအနေဖြင့် အမှတ်(၁) နှင့် အမှတ်(၂) ဟူ၍ တံတားနှစ်စင်းရှိရာ အမှတ်(၁)တံတားသည် လူသူသွားလာရန်နှင့် ကားလေးများနှင့် ဆိုင်ကယ်များသွားလာနိုင်ရန်ဖြစ်ပြီး အမှတ်(၂)တံတားသည် ကုန်တင်ယာဉ်ကြီးများ သွားလာရန်အတွက် စီစဉ်ထားရာ အမှတ်(၁) ချစ်ကြည်ရေးတံတား အနီးတစ်ဝိုက်တွင် ဈေးသည်များသည် တစ်ဖက် ထိုင်းနိုင်ငံဘက်မှ ၀င်ရောက်လာသူများကို အဓိက ထား၍ ဈေးရောင်းဈေးဝယ် ပြုလုပ်နေလျက်ရှိသည်။
ထိုသို့ ဈေးရောင်းဈေးဝယ်များနှင့် ပတ်သက်၍ ပြီးခဲ့သော ၂၀၁၃ခုနှစ်က ဖြစ်စဉ်တစ်ခုဖြစ်သည့် ဈေးသည်တစ်ဦးမှ အလေးခိုးခြင်း နှင့် ရောင်းသည့်ပစ္စည်းလဲလှယ် ပုံမှားရိုက်ခြင်း နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသားများမှ တာချီလိတ်သို့ အလည်လာရောက်၍ ဈေးဝယ်ပြီး အဆိုပါ ဈေးသည်အား ဖုန်းကင်မရာဖြင့် ဗီဒီယိုရိုက်ကာ Youtube ပေါ်သို့ တင်ခဲ့ရာမှ ယခုအခါ ကြည့်ရှုသူများပြားနေပြီး မြန်မာနိုင်ငံသားများသည် ယခုလို လိမ်လည်၍ ဈေးရောင်းစားနေကြောင်း စသည့်ဖြစ် မြန်မာနိုင်ငံအား သိက္ခာကျစေရန်အလို့ငှာ မှတ်ချက်များကို ရေးထားသည်များလည်း တွေ့ရှိရသည်။

အဆိုပါ ကော်မန့်များတွင် ထိုင်းဘာသာဖြင့် "တန်ရာတန်ကြေးပေးဝယ်တာဖြစ်တဲ့အတွက် အခုလို လိမ်လည်ပြီး ဈေးရောင်းတာကတော့ မလုပ်သင့်ပါဘူး၊ ဖြစ်လည်းမဖြစ်သင့်ဘူး၊ နောက်ဆိုရင် ထိုင်းနိုင်ငံသားတွေ မြန်မာနိုင်ငံကို သွားလည်ရင် သတိထားရမယ်"ဟု ရေးသားထားတာကို ဖတ်ရသည်။

(ရုပ်သံတင်ဆက်မှု)

"ပုဇွန်ရွေးပြီး အိတ်မဲထဲထည့်ပြီး အလေးချိန် ချိန်တယ်၊  တစ်ချက်လှည့်တဲ့ အချိန်မှာပဲ ဈေးသည်က သူ့ဘေးမှာ အဆင်သင့် စီစဉ်ထားတဲ့ အိတ်ကိုလဲဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ ဒီတခါတော့ ကံကောင်းလို့ မြင်လိုက်ရတာ၊ အလေးချိန် ချိန်တော့လည်း အလေးခိုးတာကိုလည်း သိနေတယ်၊ သူတို့ကို တန်ရာတန်ကြေးပေးပြီးမှ ၀ယ်တာကို ဒီလို လိမ်ရောင်းတာကတော့ လုံးဝမလုပ်သင့်ဘူး၊"ဟု အဆိုပါ ဗီဒီယိုကို ရိုက်ကူးသူ ဈေးဝယ်တစ်ဦးဖြစ်သည့် Somsak Saejiw ၏ အပြောကို ထိုင်းနိုင်ငံ အွန်လိုင်းသတင်းဌာနများတွင်လည်း ဗီဒီယိုနှင့်အတူ ထိုင်းဘာသာဖြင့် ရေးသား၍ ဖော်ပြထားသည်။

"တာလော့ဈေးထဲက ခြင်းလွယ်ဈေးသည် အချို့လည်း အိတ်မဲတွေနဲ့ အခုလို ပုံမှားရိုက်တာတွေရှိတယ်၊ တခါတလေ ကျွန်တော်ကိုယ်တိုင် လိုက်ရှင်းပေးရတာလည်း ရှိဖူးတယ်"ဟု ထိုင်းနိုင်ငံဘက်တွင် စကားပြန်လုပ်နေသူ တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"ပြီးခဲ့တဲ့ နှစ်သစ်ကူးတုန်းက မယ်ဆိုင်ရဲစခန်းက သူ့နိုင်ငံက ဧည့်သည်တွေကို အသံချဲ့စက်နဲ့ အစဉ်မပြတ် ကြေငြာနေတာ၊ မြန်မာနိုင်ငံဘက်သွားလည်ရင် အိတ်တွေကို သတိထားပါ၊ ဈေးဝယ်ရင် တစ်ကီလိုဝယ်ရင် ကီလိုဝက်ပဲ ရမယ့်အကြောင်း၊ ထုပ်ပိုးတဲ့ပစ္စည်းတွေကို အထုပ်လဲတတ်လို့ မျက်စေ့လျင်လျင်ထားဖို့ စသည်ဖြင့် အဲ့လိုကြေငြာနေတာ ကြားမိလိုက်တယ်ဗျာ"ဟု မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသား တစ်ဦးမှလည်း ပြောပြသည်။

"မြန်မာနိုင်ငံသား ဈေးသည်တွေအနေနဲ့ အမြတ်လည်း တင်ရောင်းပြီးပြီပဲ ဒီလိုမျိုး ကိုယ့်နိုင်ငံသိက္ခာကျစေမဲ့ အလုပ်ကို မလုပ်ကြစေဖို့ ၀ိုင်းဝန်းပြီး အသိပေးကြရင် ကောင်းမယ်လို့ ယူဆမိတယ်" အမှတ်(၁) တံတားထိပ်ရှိ ဈေးသည်တစ်ဦးမှလည်း ပြောလာသည်။

ထိုင်းနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားများသည် တာချီလိတ်မြို့ဘက်မှ အချို့သော ဈေးလိမ်ရောင်းသည့် ဖြစ်စဉ်များကိုလည်း ဗီဒီယိုရိုက်၍ အွန်လိုင်းသတင်းဌာနများတွင် ဖော်ပြ၍ မြန်မာနိုင်ငံသားများ အကြောင်းကို ဖော်ပြထားတာကိုလည်း တွေ့ရှိရသည်။
သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ