Category 3

.
Home » , , » ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ဂတ်စ်အိုးဝယ်သော မြန်မာအမျိုးသမီးအား မတရားဖမ်းဆီးကာ တွန်းလှည်းပြန်မပေး

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ဂတ်စ်အိုးဝယ်သော မြန်မာအမျိုးသမီးအား မတရားဖမ်းဆီးကာ တွန်းလှည်းပြန်မပေး

Written By Tachileik News Agency on Wednesday 23 April 2014 | 03:32

မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ဘီးမုန့် နှင့် ခါဂျာမုန့်များကို နေ့စဉ် သွားရောက်ရောင်းချလျှက်ရှိပြီး မိသားစု ၀မ်းရေးအတွက် ဖူလုံမှုရှိစေရန် အပြန်တွင် ဂတ်စ်အိုး ၀ယ်ယူကာ တာချီလိတ်မြို့ဘက်သို့ တဆင့်ပြန်လည်ရောင်းချလေ့ရှိသူ ပုန်းထွန်ရပ်ကွက်နေ မအေးဝင်းဖြူ ဆိုသူအား ယူနီဖောင်း မ၀တ်ဆင်ထားသည့် ထိုင်းရဲများက မတရားဖမ်းဆီးကာ ငွေညှစ်လိုသည့်အတွက် အချုပ်ခန်းထဲတွင် ၄ နာရီကျော်ကြာကြာ ထည့်သွင်းထားပြီး ၎င်းလုပ်ကိုင် စားသောက်သည့် မုန့်ထည့်ရောင်းသော တွန်းလှည်းအား သိမ်းယူထားကြောင်း ကြားသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တာချီလိတ်အွန်လိုင်းမှ တာချီလိတ်မြို့ ပုန်းထွန်နေ မအေးဝင်းဖြူ၏ နေအိမ်သို့ သွားရောက်ကာ ဖြစ်စဉ်အကြောင်းအရာများကို သိလို၍ သွားရောက် မေးမြန်းခဲ့သည်ကို ရုပ်သံနှင့်အတူ တင်ဆက်ပေးလိုက်ပါသည်။

{  မအေးဝင်းဖြူ နှင့် တွေ့ဆုံးမေးမြန်း }

မအေးဝင်းဖြူ၏ ဖခင်သည် ယခင်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထဲတွင် နံပြား လုပ်ရောင်းခြင်း၊ မုန့်လုပ်ရောင်းခြင်း စသည်တို့ဖြင့် မိသားစု စားဝတ်နေရေးအတွက် ၁၀ နှစ်နီးပါးမျှ ရုန်းကန်ခဲ့သူဖြစ်ရာ ယခုအခါမှာ ၎င်း၏ နေအိမ်၌သာ မုန့်များကို ပြုလုပ်ပြီး မယ်ဆိုင်မြို့သို့ သားသမီးများကို ထွက်ရောင်းစေခဲ့သည်ကို သိရသည်။ ဖခင်မှာ မယ်ဆိုင်မြို့သို့ မုန့်သွားရောင်းမှုများ မပြုလုပ်နိုင်တော့သည့်အတွက် မအေးဝင်းဖြူမှ သွားရောင်းရာ တွန်းလှည်းကို အဓိက အားကိုးအားထားပြု၍ ရောင်းပြီး  မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်တိုင်း မိသားစု ၀မ်းရေးအတွက် တစ်နိုင်တစ်ပိုင်အဖြစ် ဂိတ်စ်အိုး ၀ယ်ယူကာ တာချီလိတ်ဘက်သို့ ပြန်သွင်းမှုကိုလည်း လုပ်ကိုင်နေသူဖြစ်ရာ သြဂုတ်လ ၁၂ ရက်နေ့က ထိုင်းရဲဟု ပြောကာ အရပ်ဝတ်ဖြင့် လူတစ်စုက မအေးဝင်းဖြူအား စစ်ဆေးပြီး ရဲစခန်းသို့ ခေါ်သွားကြောင်း သိရသည်။

 ထိုကိစ္စနှင့်ပတ်သက်၍ မအေးဝင်းဖြူမှ ရဲစခန်းသို့ရောက်သောအခါ ထိုင်းရဲများက ၎င်းတို့ အစီအရင်ဖြင့် ထိုင်းဘာသာဖြင့် ရေးသားထားသော စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးစေခဲ့ကြောင်း နှင့် မအေးဝင်းဖြူမှ မည်သည့်အကြောင်းအရာ ရေးထားကြောင်း ထိုင်းရဲများကို မေးသောအခါမှာလည်း ထိုင်းရဲများက လက်မှတ်ကိုသာ ထိုးစေလိုကြောင်း ပြောလာသည်ကို သိရသည်။ မအေးဝင်းဖြူမှ  မြန်မာဘက် နယ်ခြားကော်မတီမှ ဦးဘိုလေးအား ဆက်သွယ်အကူအညီတောင်းရာ ဦးဘိုလေးမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် သက်ဆိုင်ရာသို့ ချိတ်ဆက်ပေးမှုကြောင့် မယ်ဆိုင်ဘက်၌ ဒုက္ခရောက်သော မြန်မာနိုင်ငံသားတချို့အား ကူညီပေးနေသူ ကိုစည်သူမှ နှင့် ထိုင်း နယ်ခြားကော်မတီတို့မှ  ရဲစခန်းသို့ ရောက်ရှိသွားပြီး အာမခံကာ လက်မှတ်ထိုးပြီး ပြန်လာခဲ့ရသော်လည်း တံတားပိတ်သွားသည့်အတွက် ချောင်းမှ ပြန်ခဲ့ရကြောင်း ကာယကံရှင် ဖြစ်သူ မအေးဝင်းဖြူ၏ ပြောကြားချက်အရ သိရသည်။

 "အစ်ကိုကတော့ ကိုယ်နိုင်သလောက်၊ လက်လှမ်းမီသလောက် မိမိလူမျိုးဘက်ကနေ အစွမ်းကုန် ကူညီကြိုးစားပေးနေပါတယ်"ဟု ယခုလို ဒုက္ခရောက်နေသူ မြန်မာနိုင်ငံသားများအား ကူညီပေးနေသည့် ကိုစည်သူက တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။ "တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးကို အခုလို ကူညီပေးတာကို ကျေးဇူးတင်ကြောင်း၊ အခုလို ဖိဖိစီးစီးကူညီတဲ့အတွက် အရမ်းကျေးဇူးတင်တယ်လို့ ပြောခဲ့ပြီး ကျွန်မတို့က ပစ္စည်းမရသေးကြောင်းကိုလည်း ပြောပြတယ်။ အဲ့ဒီအခါမှ အုပ်ချုပ်ရေးမှူးက ဖုန်းဆက်ပြီးတော့  ပစ္စည်းရဖို့အတွက် လုပ်ပေးလိုက်ပါပေါ့၊ သူတို့ ဒါမရှိရင် ဘာနဲ့လုပ်စားမှာလဲတဲ့ အဲ့လိုပြောပေးတယ်"ဟု မအေးဝင်းဖြူမှ ပြောကြားလာသည်။ " ယိုးဒယားဘက်ကိုလာတော့ ကျွန်မတို့ အမှုကိုင်တဲ့ ရဲက မလာဘူး ထမင်းသွားစားတယ်၊ ဒါမျိုးပြောပြီး ညနေသာ အချိန်ကုန်သွားတယ်၊ ရဲက လုံးဝမလာဘူး၊ သူတို့က ဘယ်လိုပြောလည်းဆိုတော့ ပိုက်ဆံရှိရင်တဲ့ ပိုက်ဆံပေးရင် ဒီပစ္စည်းတွေကို ချက်ချင်း ယူသွားလို့ရတယ်၊ ပိုက်ဆံ မပေးတော့ ယူသွားလို့ မရဘူးလေတဲ့ အဲ့လို ပြောတယ်"ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။

"သူတို့ ဥပဒေက ဒီစာအုပ်ပါလို့ရှိရင် ဒီစာအုပ်နဲ့ နိုင်ငံကိုပဲ လည်လို့ရတယ်၊ ဈေးရောင်းစားလို့ မရဘူးဆိုတဲ့ ဥပဒေကို ထုတ်ထုတ်ပြတယ်၊ ဒါတရားမ၀င်ဘူးလေ၊ မရှိလို့ ဈေးသည်တွေ သူ့နိုင်ငံက လူတွေ ကိုယ့်နိုင်ငံမှာ လာရောင်းကြတယ်၊ ကိုယ့်နိုင်ငံက လူတွေ သူ့နိုင်ငံမှာ သွားရောင်းရတယ်၊ သူတို့ နိုင်ငံက လူတွေကို ငါတို့ ဗမာဘက်မှာ ဖမ်းတယ်ဆိုတာ တခါမှ မရှိခဲ့ဖူးဘူး၊ ငါတို့ ဗမာနိုင်ငံက လူတွေကို အများဆုံးဖမ်းခံရတယ်၊"ဟု မအေးဝင်းဖြူ၏ ဖခင်ဖြစ်သူ ဦးမောင်ပုမှ ပြောပြသည်။ "အခု ငါတို့ ပစ္စည်းမရဘူး ဒီနေ့ရောဆို ၁၂ ရက်ရှိသွားပြီ၊ ငါတို့ မိသားစု ဘာနဲ့စားမလဲ၊ ငါတို့က အပျော်သွားကြတာမှ မဟုတ်ပဲ၊ စီးပွားရေးသွားတယ်၊ ဈေးရောင်းတယ်၊ အပြန်ကြတော့ ပစ္စည်းသယ်လာတယ်၊ ငါးဆယ် တစ်ရာမြတ်တယ်၊ ဒါလေးနဲ့ ၀ိုင်းစားနေကြတာ၊ ဒါကို သူတို့က ဥပဒေဆိုပြီး လုပ်နေကြတယ်၊ တစ်စိတ်ရှိ ဖမ်းတယ်၊ တစ်စိတ်ရှိ ဖမ်းတယ်နဲ့ ငါတို့ ဗမာလူမျိုးတွေ အများကြီးခံနေရတယ်"ဟု ဦးမောင်ပုမှ ဆက်လက်ရှင်းပြသည်။

{ တာချီလိတ်ခရိုင် ထွေ/အုပ် ရုံး၌ မယ်ဆိုင်မြို့ပိုင်နှင့် ဆွေးနွေးစဉ် }

အဆိုပါကိစ္စ နှင့်ပတ်သက်၍ သြဂုတ်လ ၁၃ရက်နေ့ နံနက်ပိုင်းက ခရိုင်ထွေ/အုပ်ရုံးရှိ အစည်းဝေးခန်းမ၌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးအပါအ၀င် သက်ဆိုင်ရာတို့မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းရဲများ၏ ခြိမ်းခြောက်ငွေညှစ်မှုများ အမြဲကြုံတွေ့နေရသည့်ကိစ္စအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပိုင် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြရာ မယ်ဆိုင်မြို့ပိုင် က မြန်မာနိုင်ငံသားများအား ထိုင်းရဲများက မတရား အနိုင်ကျင့်ပါက ၎င်းတို့ထံ ချက်ခြင်း အကြောင်းကြားစေလိုကြောင်း၊ ထိုသို့ အကြောင်းကြားပါက ချက်ချင်း ကူညီ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း နှင့် ထိုင်းနိုင်ငံတွင် ရဲအမျိုးမျိုးရှိသည်ဖြစ်သည့်အတွက် ရဲအမှတ်အသား သို့မဟုတ် တံဆိပ်ကို မှတ်သားစေလိုသည့်အပြင် ကားနံပါတ်များကိုလည်း မှတ်သားရန် လိုအပ်ပါကြောင်း ပြောကြားသွားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

စီးပွားရေး/လုပ်ငန်း ကြော်ငြာများ